Just a blogger's zerozone

ကမ္ဘာကြီးကို ဘယ်သူဖျက်မှာတုန်းဗျ ... (ကျွန်တော်ဟုတ်ဘူးနော်)

တကယ်လို့များ ကမ္ဘာကြီးပျက်ခဲ့မယ် ဆိုရင်ပေါ့
ပျက်မယ်ထင်ပါဘူးဗျာ။ ကျွန်တော့် အကိုက မှာထားတယ်ဗျ။ သူများယောင်တိုင်း လိုက်မယောင်နဲ့တဲ့……ဒါပေမယ့် တက်ဂ်တဲ့သူက တက်ဂ်တော့လဲ ကြံဖန်ရေးရတာပေါ့ဗျာ..

၁။ ဘယ်သူတွေနဲ့ရှိနေချင်ပါသလဲ
ကိုယ်တိုင်ကတော့ မကြောက်ပါဘူး.. ကြောက်လန့်နေမယ့် မြန်မာပြည်က ပြည်သူပြည်သားတွေနဲ့အတူ ရှိနေချင်ပါတယ်.. အဓိကကတော့ မိသားစုနဲ့အတူတူ ပြီးတော့ …..သူ နဲ့အတူတူ…

၂။ ဘာတွေခံစားနေရမလဲမသိဘူးနော်
မြန်မာပြည်သူတွေကို စိုးရိမ်တဲ့ စိတ်တွေပေါ့… ဘာမှ နားမလည်နိုင်တဲ့ သတ္တဝါတွေကိုလဲ သနားနေမိမယ်ထင်ပါတယ်… ပြီးတော့ ချစ်သူက သွေးမြင်ရင်လန့်တတ်တယ် သူ့အတွက်လဲ စိုးရိမ်နေမိမယ်ထင်တယ်…

၃။ ပြင်ဆင်ထားချင်တာတော့
အချစ်ရယ်ပေါင်မုန့်တစ်လုံးရယ်…

၎။ ၀မ်းနည်းမိမှာလားဆိုတော့
ဝမ်းနည်းမိမယ် ထင်တာပဲဗျ… ကျွန်တော်က မျက်ရည်လွယ်တယ် သနားတတ်တယ်လေ… (တခါတုန်းက သူငယ်ချင်းတစ်ယောက် အသည်းကွဲတော့ သူနဲ့တူတူ လိုက်ငိုဘူးသေးတယ်)

၅။ ကြောက်လန့်မိမလားမသိဘူး
ပြောလို့တော့ မရဘူးလေ ကြောက်ချင်ကြောက်နေမှာပေါ့… မျက်စိရှေ့မှာ ကမ္ဘာပျက်တာ မြင်နေရတယ် လူတွေ ဒုက္ခရောက်နေမယ် အော်ဟစ်ငိုကြွေးနေမယ်…. ရေကြီးမလား မီးတောင်ပေါက်မလား မြေပြိုမလား မှန်းလို့မှမရပဲနော်… ခုတောင်တွေးရင် ကြောက်နေသလိုလိုပဲ…

၆။ ကိုယ်နဲ့အတူ ဆောင်ထားချင်တာ၊ ရှိနေချင်တာက
အဖော်လေ (တလွဲမတွေးနဲ့နော် လက်တွဲဖော်လေး ရယ်) ရွာဦးကျောင်း ဆရာတော် ပေးထားတဲ့ လက်ဖွဲလေးလေ( အန္တရာယ် ကင်းမကင်းတော့ အဲဒီအချိန်ကျမှ စမ်းရမှာဗျ ရွာကလူတွေကတော့ အဲဒီ အဆောင်တွေ လက်ဖွဲ့တွေ ယုံကြတယ်ဗျ )

၇။ ဘာတွေရေးမိမလဲမသိဘူးနော်
အဖော်ကောင်မလေးကို တက်တူးထိုးပေးချင် ထိုးပေးနေမိမှာ…(ကျွန်တော်က အဲလိုတောင်ခြစ်မြောက်ခြစ်တော့ ဝါသနာပါတယ်ဗျ အိမ်မှာဆို ရေနွေးအိုးတောင် မချန်ဘူး လက်တဲ့ စမ်းထားတာလေ)

၈။ တွေးမိတွေးရာအတွေး
အော်….. လူဖြစ်ရတဲ့ဒုက္ခ

၉။ ဂုဏ်ယူချင်တာက
နောက်ဆုံးအချိန်ထိတောင် ကောင်မလေးကို တက်တူးထိုးပေးနေရတာ ဂုဏ်ယူစရာကြီးနော်)

၁၀။ ရှာကြံဖြေသိမ့်မိတာက
ဘာပဲပြောပြော ဒုတိယ ကမ္ဘာကိုစတင်မယ့် အာဒံနဲ့ ဧဝ ဖြစ်ချင်ဖြစ်နေအုံးမှာဗျ။

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း
အဟီး အဲဒါတော့ သိပ်နားမလည်ဘူး ကျော်သွားလိုက်မယ်နော်…

၁၂။ မှာချင်တဲ့မှာတမ်း
မှာတော့မှာချင်တယ်ဗျ… ဒါပေမယ့် ကျွန်တော့်ကောင်မလေးက မေ့တတ်တယ်ဆိုတော့ မှာတော့ပါဘူးဗျာ…
သုညကမ္ဘာကို လာလည်သူတိုင်း ပျော်ရွှင်ပါစေ...
အညတြလေးရဲ့အိမ်မှာ

မောင်သုည ငါးမျှားထွက်ခြင်း

ခုတလော လုပ်မအားတာနဲ့ပဲ ဒီဘလော့လေးကို ပစ်ထားတာ နည်းနည်းကြာသွားတယ် ထင်ပါရဲ့။ ညီမနှစ်ဝမ်းကွဲလေး အိမ်ဂျယ်လ် ကလဲ ခဏခဏလာချောင်းတယ်ဆိုပဲ…. ကျွန်တော်ကလဲ စိတ်ထဲမှာပဲ စာတွေရေးနေမိတာကိုး။

တင်လိုက်တဲ့ပို့စ်တွေကလဲ တစ်နေ့တစ်ပုဒ် မှန်နေရာဗျ…အိပ်မက်ထဲမှာ ပြောပါတယ်။

ဒီပို့စ်လေးကတော့ မောင်သုညတို့သူငယ်ချင်းတွေစုပြီး ငါးမျှားထွက်ကြတဲ့အတွေ့အကြုံလေးပါဗျာ။
မနှစ်က ဒီလိုဆောင်းဦးပေါက်အချိန်မှာ သူငယ်ချင်းတွေစုပြီး ငါးသွားမျှားကြမယ်ဆိုတာနဲ့ ကျွန်တော်လဲ အလုပ်ကပြန်တာနဲ့ သူတို့ငါးမျှားနေကြတဲ့ Al Maktoum တံတားကြီးကို လိုက်သွားတာပေါ့ဗျာ။

အခန်းဖော်သူငယ်ချင်းတွေ ဒီတံတားမှာ ငါးမျှားနေကျဆိုတော့ သူတို့က အရင်ရောက်နှင့်နေတာပေါ့။ ငါးမမျှားရတာကြာပြီဆိုတော့ အခုလို တံတားကြီးအောက်မှာ ငါးညှီနံ့လေး တသင်းသင်းနဲ့ ငါးမျှားရတဲ့အချိန်မှာ ရွာမှာတုန်းက ငါးမျှားခဲ့ကြတဲ့ အတွေ့အကြုံလေးတွေကို သတိရပြီး ရွာကိုလဲ လွမ်းလာတယ်ဗျာ။

ကျွန်တော်တို့အဖွဲ့က စုစုပေါင်း လေးယောက် ငါးမျှားတံက နှစ်ချောင်းတည်းပါလာတာမို့ အရင်ရောက်နှင့်တဲ့ သူငယ်ချင်းနှစ်ယောက် ငါးမိမယ့် အချိန်ကိုစောင့်ရတာပေါ့ဗျာ။

ဗိုက်ကလဲဆာလာတာမို့ အိတ်ထဲမှာပါလာတဲ့ မုန့်တွေစားလိုက် ဟိုဟိုဒီဒီငေးလိုက်နဲ့ ကိုယ့်အလှည့်ရောက်ဖို့ကို တော်တော်စောင့်လိုက်ရတယ်ဗျ။ စိတ်မရှည်တာမို့ သူငယ်ချင်းလက်ထဲက ငါးမျှားတံကို ဆွဲလုဖို့အထိ စိတ်ကူးမိပေမယ့် သူကလဲ သူ့စိတ်ကူးလေးနဲ့သူဆိုတော့ မနှောင့်ယှက်ချင်တာနဲ့ပဲ ငြိမ်ပြီးစောင့်နေရတာပေါ့။

သူတို့သုံးတဲ့ငါးစာကလဲ ရန်ကုန်မှာလို တီကောင်တွေ မဟုတ်ဘူးဗျ။ ရေခဲသေတ္တာထဲက ပုဇွန်ထုတ်ကြီးတွေကို ထုတ်လာပြီး ပုဇွန်တွေကို မကြီးမသေး အတုံးလေးတွေတုံးပြီး ငါးစာလုပ်ရတာဗျ။

တံတားကြီးအောက်မှာ ဟိုငေးဒီငေးနဲ့ ငေးနေတုန်း မော်တော်လေးတစ်စီး ဗောတံတားမှာလာကပ်တာကို တွေ့လိုက်တယ်ဗျ။ပြီးတော့ ငါးမျှားနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေ မော်တော်ထဲကို လိုက်ဆင်းသွားပါလေရောဗျ။ကျွန်တော်လဲ ဘာမှန်းမသိတာ့ ထိုင်ကြည့်နေတာပေါ့ဗျာ။ သိပ်မကြာဘူး မော်တော်လဲထွက်သွားရော ကျွန်တော်တို့ရဲ့ ငါးမျှားတံတွေလဲ တစ်ချောင်းမှ မကျန်တော့ဘူးဗျ။ ကျွန်တော်လဲ ငါးမမျှားလိုက်ရဘူးဆိုပါတော့ဗျာ။

စောစောတုန်းက ငါးမျှားနေတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ မချိပြုံးပြုံးလို့။ အားလားလား လက်စသတ်တော့ ငါးဖမ်းလိုင်စင် မရှိပဲ ငါးမျှားမိလို့ အဖမ်းခံရတာဗျ။

ကျွန်တော်လဲ အခုမှကြားဘူးတယ်ဗျာ။ ကြံကြံဖန်ဖန်ဗျာ ဒီမှာက လိုင်စင်မရှိရင် ငါးတောင်မျှားလို့မရဘူးဆိုပဲ။ ကျွန်တော်တို့ရွာမှာဆို ဘယ်နားသွားမျှားမျှား လိုင်စင်မှမလိုတာ။ မြောင်းကြိုမြောင်းကြား ချောင်းကြိုချောင်းကြား မျှားချင်ရာမျှား အလကားပဲဗျ။
အခုတော့ လိုင်စင်မရှိလို့တဲ့ ငါးမျှားတံတွေလဲ အသိမ်းခံရသေး ပြီးတော့ ဒဏ်ငွေလဲဆောင်ရသေး။ ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ ဒဏ်ကြေးပေးစရာ ပိုက်ဆံအဆင်သင့်ပါမလာတာမို့ ID ကဒ်လေးပေးလိုက်ရတယ်ဗျ။

ဒီမှာ မရှိမဖြစ်အရေးကြီးတဲ့ IDကို ပြန်လိုချင်ရင် နှစ်ရက်အတွင်း ရုံးမှာ ပိုက်ဆံနဲ့ပြန်သွားရွေးရမယ်ဆိုတော့ ပျော်စရာကြီးဗျ။

နောက်ဆုံးတော့ ငါးမမျှားရပေမယ့် ငါးမျှားဖော်ငါးမျှားဘက် သူငယ်ချင်းတွေရဲ့ အရေးကိစ္စ ဆိုတော့ ဒဏ်ငွေဆောင်ရန်ကျွန်တော့်မှာလဲ တာဝန်ရှိပါသည်ဆိုပြီး ချစ်သူနှစ်ဝမ်းကွဲရဲ့ဘဏ်မှာ ပိုက်ဆံထုတ်တာပေါ့ဗျာ။

ဘဏ်မှာငွေထုတ်ဖို့အရေး ဆင်ခြေလှလှပေးတော့ ချစ်သူက မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကို ဆူပါလေရောဗျာ။
ပေးလိုက်တဲ့ ဆင်ခြေကိုလဲ ကြည့်အုံးလေ…နှစ်ဝမ်းကွဲချစ်သူတွေ ဆိုပေမယ့် အဖမ်းခံရတယ်ပြောဖို့ရာ ရှက်နေတာနဲ့ပဲ ငါးမျှားရင်း ရေထဲကို ငါးမျှားတံ ပြုန်ကျလို့ လျှော်ရမယ် ဆိုပြီး ခပ်တည်တည်နဲ့ ယုံအောင်ရွှီးရတာကိုးဗျ။

ငယ်ငယ်က ဖတ်ဘူးတဲ့ မောင်သောင်းဖေရဲ့ ဇာတ်လမ်းထဲကလို လောဂရာသန်စာအုပ်ကြီးကျကွဲခိုင်းရတာမျိုးဗျ။
ဒါပေမယ့်လဲ မမချောက သူငယ်ချင်းအရင်းကြီးတွကို အလျှော်တောင်းရကောင်းလား ဘာညာနဲ့ ပွစိပွစိ ပြောတာပေါ့ဗျာ။

ကျွန်တော်ကလဲ သူငယ်ချင်းရဲ့ ID ကဒ်လေးမြင်ယောင်ပြီး မရရအောင် ပြောရတာပေါ့ဗျာ။။။
ဒါပေမယ့် ကျွန်တော်ကပဲ လိမ်တာ မပိရိတာလား မသိပါဘူး ပိုက်ဆံတော့ရပါရဲ့ မပြောချင်လို့ ဖုံးကွယ်ထားတဲ့ အဖမ်းခံရတဲ့ ကိစ္စကြီး ပြူတစ်ပြူတစ်နဲ့ ပေါ်လာပါလေရောဗျို့။။။။

အခုတော့ အဲဒီတံတားကြီးပေါ်က ဖြတ်သွားတိုင်း ငါးမျှားခဲ့ဘူးတဲ့ အတွေ့အကြုံလေးကို သတိရပြီး တစ်ယောက်တည်း ပြုံးမိတယ်ဗျ။

သုညကမ္ဘာကို လာလည်သူတိုင်း ပျော်ရွှင်ပါစေ...
အညတြလေးရဲ့အိမ်မှာ